ဗိုလ်ချုပ်တပ်လှန့်သံ
ခန္တီတရား၊ သည်းခံငြား၊ စိတ်ထားဘယ်သို့ဖြည့်သနည်း။
လူမိုက်အမှု၊ ငါပြန်ပြုလျှင်၊ သူလိုငါလည်း၊ လူမိုက်ပဲဟု၊ စိတ်ထဲတွေးဆ၊ အေးမြမြနှင့်၊ ဒေါသမထွက်၊ စိတ်မပျက်၊
သက်သက်အနာခံသတည်း။
“ငါ့အပေါ်၌ လူမိုက်ပြုသောစော်ကားမှုကိုငါကပြန်ပြုလျှင် ငါလည်းလူမိုက်ဖြစ်မှာပဲ” ဟုစိတ်ထဲမှာတွေးဆ၍
ဒေါသမထွက်ဘဲစိတ်ပျက်အားငယ်လို့လည်းမနေဘဲ၊ စိတ်အေးအေးနှင့် မိမိကသာအနာခံလိုက်ခြင်းသည် ခန္တီပါရမီ၏
သဘောတည်း။ (အရှင်ဇနကာဘိဝံသ၊ ရုပ်စုံဗုဒ္ဓ၀င်အမေးအဖြေ စာမျက်နှာ-၂၆) ဟူသောစာပိုဒ်ပါ ဆရာတော်အရှင်ရာဇိန္ဒ
(ရဝေနွယ်-အင်းမ)၏ “ခန္တီပါရမီ” ဘာသာရေးဆောင်းပါးအားဖတ်ရှုမိစဉ် မိမိ၏ အတိတ် ကာလများဆီမှ ပုံရိပ်များကို
ဖြိုးခနဲဖျတ်ခနဲပေါ်လာမိသည်။
အချိန်ကား ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ။ နေပူမိုးရွာထဲဖိနပ်မပါဘဲနှင့်
လမ်းလျှောက်ကာရန်ကုန်မြို့တွင်းလှည့်လည်၍ မေတ္တာပို့သဆုတောင်းပေးနေကြသည့် ဗုဒ္ဓ၏သားတော်
သံဃာတော်တို့အတွက် ဆွမ်းဘုန်းပေးရန် အခက်အခဲများဖြစ်ပေါ်နေ၍ ရွှေတိဂုံစေတီတော်မြတ်၏ အရှေ့ဘက်မုဒ်ဦး
(ကြေးသွန်းဘုရားကြီး)တွင် ခေတ္တ ကြွရောက်သီတင်းသုံးနားနေကြစဉ် မိမိတို့ ဗုဒ္ဓဘာသာဝင်များအနေဖြင့်
ဆွမ်းဆက်ကပ်ရန်အတွက် အမျိုးဘာသာသာသနာစိတ်များ ဖြစ်ပေါ်လာခဲ့သည်။ မိမိတို့ ဗုဒ္ဓဘာသာဝင်များတင်မက
သံဃာတော်များ၏ မေတ္တာတန်ခိုးကြောင့် အခြားသောဘာသာဝင်များကပါ ၀င်ရောက်လှူဒါန်းမှုများ ဖြစ်ပေါ်လာခဲ့သည်။
ထိုစဉ်အခါကမိမိသည် တိုင်းပြည်မငြိမ်သက်စေရန် ဆန္ဒမရှိ၊ နိုင်ငံတော်ပုန်ကန်မှုကို ပြုလုပ်ခြင်းမရှိ၊
စီတန်းလှည့်လည် ဆန္ဒပြမှုတွင်လည်း ပါဝင်ခြင်းမရှိ၊ အော်ဟစ်တောင်းဆိုမှုများကိုမပြု . . . အဆုံးစွန်ပြောရသော် မိမိ၏
လက်နှစ်ဖက်ကိုလက်သီးလက်မောင်းတန်းပြီးအော်ဟစ်တောင်းဆိုမှုကို ပြုခြင်းမရှိဘဲသံဃာတော်များအား ရိုသေ၀ပ်တွား
လက်အုပ်မိုး၍ ထမင်းဗူး(ဆွမ်း)များကိုပခုံးအထက် လက်နှစ်ဖက်မမြှောက်ဘဲ (မကျော်ဘဲ)
ရိုသေကိုင်းရှိုင်းစွာဆွမ်းကပ်ခဲ့သည်ကိုပရိသတ်ကြီးလည်း မြင်တွေ့ရမည်မှာမလွဲပေ။
သို့သော် . . . ဤသို့ ဆွမ်းဆက်ကပ်မှုကြီး၏ နောက်ဆက်တွဲဇာတ်လမ်းကား ပြည်ထဲရေးရုံးချုပ်၊
အောင်သပြေစစ်ကြောရေးစခန်းများဆီသို့ ဘ၀ပေးကုသိုလ်နှင့် ရောက်ခဲ့ရသည်။ မေးတဲ့သူကမေး၊ ဖြေတဲ့သူကဖြေ၊
စစ်တဲ့သူကစစ်၊ ပြောတဲ့သူကပြော . . . လိမ်ညာလို့မရ။ အမှန်အတိုင်းထွက်ဆိုကြရသည်။ မိမိသည် မည်သည့်ပြစ်မှုကိုမှ
မလုပ်ခဲ့ဟုယုံကြည်မှုကြောင့်လည်းကောင်း၊ အနန္တော အနန္တဂုဏ်ကျေးဇူးကြောင့်၎င်း၊ သမာဒေ၀နတ်မြတ်အပေါင်း၏
မေတ္တာစွမ်းပကားတို့ကြောင့်၎င်း၊ ယင်းဋ္ဌာနကြီးများ၌ ရက်ရှည် နှစ်ရှည်မနေခဲ့ရ။
“ကိုယ်ပြုသောကံပဲ့တင်သံကိုယ့်ထံပြန်လာမည်”ဆိုတဲ့ စကားမှန်ပြီဟေ့ဟုကြွေးကြော်မိတော့သည်။ ထိုဋ္ဌာနကြီးမှ
မိမိ၏နေအိမ်သို့ ပြန်မည့်နေရက်တွင် ရဲမှူးကြီးမှ “ကဲ… ကိုကျော်သူ၊ ခင်ဗျားအိမ်ပြန်ရတော့မယ်၊
ခင်ဗျားဒီကနေထွက်ပြီးအပြင်ကိုပြန်ရောက်တဲ့အခါ ကိုယ့်ရဲ့အနုပညာလုပ်ငန်းနဲ့ လူမှုရေးလုပ်ငန်းတွေကိုလုပ်တာကိုဘဲ
မြင်ချင်ပါတယ်”တဲ့ဗျာ။ ဒါဘဲပေါ့ဗျာ… အမှန်တရားရဲ့နောက်ကွယ်မှာအမှန်တရားဘဲရှိတယ်ဆိုတာ။
မှားသွားပြီဗျ။ အမှန်တရားရဲ့နောက်ကွယ်မှာအမှားတွေ၊ အာဃာတတွေ၊ မစ္ဆိရိယတွေ၊ မုန်းတီးမှုတွေ . . .
များစွာပါလား။ ကိုယ်ပြုသောကံပဲ့တင်သံလည်း ပြန်မလာတော့ပါလား…. ဟုတဒင်္ဂ ဖျတ်ခနဲစိတ်ထဲပေါ်ပေါက်
လာကာဒေါသစိတ်၊ နာကျည်းစိတ်တို့ ဖွားခနဲ…. ဖွားခနဲပေါ်ပေါက်လာခဲ့သည်။ တောဘဲခိုရမလိုလို၊ လမ်းပေါ်
ထွက်ပြီးအော်ဟစ်ရမလိုလို၊ လူဘဲ ရိုက်ရမလိုလို၊ ဆဲဘဲဆဲရမလိုလိုစတဲ့ အကုသိုလ်စိတ်တွေ ဖျတ်ခနဲဖျတ်ခနဲပေါ်ခဲ့မိသည်။
“(မင်း၊ ခင်ဗျား၊ ကိုမောင်၊ ကျော်သူ) ရုပ်ရှင်ရိုက်ခွင့်ပိတ်လိုက်ပြီ”တဲ့ဗျာ။ ကဲ... ဒါဆို “လူမိုက်အမှု၊ ငါပြန် ပြုလျှင်၊
သူလိုငါလည်း၊ လူမိုက်ပဲ” ဟုဆိုတဲ့စကားအရငါဟာလူမိုက်လား၊ သူဟာလူမိုက်လားဟုစဉ်းစားမိတော့သည်။
“ငါကသံဃာတော်ကိုဆွမ်းဆက်ကပ်တာဘဲလူမိုက်မဖြစ်နိုင်ဘူး။ ဒါဆိုရင် ငါရဲ့အနုပညာလုပ်ငန်းတွေကိုပိတ်တဲ့
ရုပ်ရှင်လုပ်ငန်းကလူမိုက်လား၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကလူမိုက်လား၊ ပြန်ကြားရေးဋ္ဌာနကလူမိုက်လား….”
ဟုမိမိစိတ်မှာဒွိဟဖြစ်ခဲ့ရသည်။
သို့သော် . . . ငါးရာ့ငါးဆယ် သရဘင်္ဂဇာတ်တော်မှာသရဘင်္ဂရသေ့က “လောကမှာဒေါသကိုပယ်သတ် လိုက်ရင်
တစ်ရံတစ်ခါမျှ မစိုးရိမ်ရတော့ဘူး” လို့ဟောကြားခဲ့တယ်ဆိုတဲ့ အသိတရား ၀င်လာမိတော့တယ်။
အဲဒီသည်းခံခြင်းတရားသဘောကို မြင်တွေ့ခဲ့ပြီး “အော်… ရုပ်ရှင်လုပ်ငန်း၊ ရုပ်ရှင်အစည်းအရုံး၊ ပြန်ကြားရေးတို့တွေဟာ
ငါ့ကိုခန္တီပါရမီ ဖြည့်ဆည်းပေးတဲ့ လူတွေပါလား၊ အဖွဲ့အစည်းတွေပါလား”လို့ ဆင်ခြင်နှလုံးသွင်းလိုက်လို့ မိမိရင်ထဲ
နှလုံးသားထဲမှာသည်းခံခြင်းဆိုတဲ့ တရားအသိ၊ တရားအားတွေ ၀င်လာမိတော့တယ်။
အော်… ဒါဟာ ဖြစ်ချိန်တန် … ဖြစ်၊ ပျက်ချိန်တန် … ပျက်၊ ဘဘဦးသုခပြောတဲ့ “ဘ၀သံသရာ” ဆိုတာပါလား။
ကောင်းမှုပြုသော်လည်းကောင်းကျိုးမပြု၊ မကောင်းမှုပြုသော်လည်းကောင်းကျိုးကပြု။ ဒါဘ၀ အဆက်ဆက်က ပြုခဲ့တဲ့
မိမိရဲ့ကုသိုလ် အကုသိုလ်တွေနဲ့ဘဲသက်ဆိုင်ပါလားဆိုတဲ့ မိမိပြုလုပ် ပေးဆပ်နေတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)နဲ့
နေ့စဉ်ကြုံတွေ့နေရတဲ့ “အနိစ္စ” ဆိုတာကို မြင်တွေ့မိလိုက်ပါတော့တယ်။
ဒီလို “အနိစ္စ” ဆိုတဲ့ အသိတရားနဲ့အတူမိမိ ၂၀၀၁ ခုနှစ်မှစပြီးအများပြည်သူတို့အတွက်
ကူညီဖေးမပေးဆပ်မှုတွေကိုလုပ်ကိုင်ခဲ့တဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှာဘဲ ၂၀၀၈ ခုနှစ်ကစပြီးဥက္ကဋ္ဌအဖြစ် ထဲထဲ
ဝင်ဝင် နေ့မအား၊ ညမအားပိတ်ရက် နားရက်မရှိဘဲ (အခမဲ့) ကူညီဖေးမမှုများဖြစ်သောနာရေး၊ ကျန်းမာရေး၊ ပညာရေး၊
သဘာဝဘေးဒဏ် (အရေးပေါ်ကယ်ဆယ်ရေး) စတဲ့ကုသိုလ်ဖြစ် လုပ်ငန်းထဲတွင် ပေးဆပ်မှုများကိုခြေစုံပစ် ၀င်ရောက်၍
လုပ်ကိုင်ခဲ့ပါတော့တယ်။ မိမိနှင့်ပတ်သက် ဆက်နွယ်ခဲ့ဖူးသော ရုပ်ရှင်အနုပညာလောကကြီးထဲသို့ မိမိရဲ့ခြေလှမ်း
လှမ်းဝင်ဖို့ပင် လုံးဝ မကြိုးစားခဲ့တော့ပေ။ လူ့လောကကြီးထဲရောက်တုန်းရောက်ခိုက် (၃၁) ဘုံတွင် မည်သည့်ဘုံတွင်မှ
မလုပ်နိုင်သောမရနိုင်သောဤကုသိုလ်ကောင်းမှုတော်ကြီးကိုမိမိလက်မလွှတ်နိုင်တော့ချေ။
သို့သော် . . . မိမိသည် ဤနာရေးကူညီမှု၊ ဆေးဝါးကုသကူညီမှု၊ ပညာရေးကူညီဖေးမမှု၊ သဘာဝဘေး
(အရေးပေါ်ကယ်ဆယ်ရေး) ကူညီဖေးမ လှူဒါန်းမှုတည်းဟူသောနာရေးကူညီမှုအသင်း(ရန်ကုန်)၏ ကုသိုလ်
ကောင်းမှုတော်ကြီးကိုကူညီဖေးမပေးဆပ်ခဲ့မှုသည် (၁၁)နှစ်ပြည့်ရန် တစ်လအလိုအချိန်၌ မိမိအားစွန့်ပစ် ထားခဲ့သော၊
မိမိကစွန့်လွှတ်ခဲ့သောအနုပညာလောကကြီးထဲသို့ ပြန်ဝင်ရောက်ရန် အကြောင်းဖန်လာတော့သည်။
“အော် . . . . ဘ၀သံသရာ…….။”
မိမိတို့ လေးစားကြည်ညိုအားကျဂုဏ်ယူနေကြတဲ့ “အမေဒေါ်အောင်ဆန်းစုကြည်”က
မိမိတို့မြန်မာနိုင်ငံရဲ့အထွဋ်အမြတ်ဖြစ်သူအာဇာနည်ပုဂ္ဂိုလ်ကြီး “ဗိုလ်ချုပ်အောင်ဆန်း”ရဲ့ အတ္ထုပတ္တိရုပ်ရှင်ဇာတ်ကားကြီးကို
ရိုက်ကူးတော့မည်တဲ့။ အနုပညာအင်အားပေါင်းစုံ၊ ပြည်သူလူထုအင်အားပေါင်းစုံ၊ အစိုးရဋ္ဌာနများ၏အကူအညီတို့နှင့်
အမျိုးသားရေးစိတ်ဓါတ် ပြည့်ဝစွာဖြင့်မြန်မာပြည်ရဲ့အတ္ထုပတ္တိ၊
ဗိုလ်ချုပ်အောင်ဆန်း၏အတ္ထုပတ္တိမော်ကွန်းမှတ်တိုင်ကိုစိုက်ထူတော့မည်ဖြစ်သည်။မြန်မာပြည်ဖွားဗုဒ္ဓဘာသာမြန်မာလူမျိုးတ
စ်ယောက်အနေဖြင့် မိမိကျင်လည်လှုပ်ရှားရာလူမှုရေးနယ်ပယ်မှ ၀မ်းမြောက်ဝမ်းသာစွာဖြင့် ကျေးဇူးတင်
ဂုဏ်ယူမုဒိတာပွားနေမိတော့သည်။
ဒေါ်အောင်ဆန်းစုကြည်မှ ရုပ်ရှင်အနုပညာသည်များနှင့် တွေ့ဆုံကြမည့် (၃.၁၂.၂၀၁၁) ရက်နေ့တွင်
မိမိအားလာရောက်ရန် အကြောင်းကြားခဲ့သည့်အတွက် မိမိသွားရောက်ခဲ့သည်။ (၄)နှစ်တာ ကာလဝေးကွာခဲ့သော
အနုပညာမောင်နှမများနှင့် ပြန်လည်ဆုံတွေ့ခဲ့ရသည်။ အားလုံး၏မျက်လုံးများသည် ချစ်ခင်လေးစား ကြည်ညို
ကြသောအမေဒေါ်အောင်ဆန်းစုကြည်အားတွေ့ဆုံခွင့်ရ၍ တောက်ပ၀င်းလက်နေကြသည်ကို မြင်တွေ့ရမိသည်။
အမေဒေါ်အောင်ဆန်းစုကြည်၏ဆန္ဒကိုအကောင်အထည်ဖော်ရန် အားလုံးသဘောတူညီ၍
ဇာတ်ကားရိုက်ကူးမှုကိုစတင်နိုင်ရန်အတွက် ဖြစ်မြောက်ရေးကော်မတီအဖွဲ့များဖွဲ့စည်းကြသည်ကိုနောက်မှ မိမိသိရသည်။
သို့သော်… မိမိထံသို့မည်သူမျှ အကြောင်းကြားအသိပေးခြင်းမရှိခဲ့ချေ။ မည်သို့ရှိစေ… မိမိဝမ်းမြောက်ကြည်နှုးမိသည်။
အနုပညာလောကသားများအတွက် ဂုဏ်ယူဝမ်းမြောက် မုဒိတာပွားနိုင်ခဲ့သည်။ ယခုဖော်ထုတ်ကြမည့် ဗိုလ်ချုပ် အောင်ဆန်း
ရုပ်ရှင်ဇာတ်ကားကြီးကား မြန်မာ့သမိုင်း၊ မြန်မာ့အတ္ထုပတ္တိ၊ မြန်မာ့ရာဇ၀င်၊ မြန်မာ့မော်ကွန်း၊ မြန်မာအာဇာနည်ဟူ၍
ကမာပေါ်ရှိလူသားများအားလုံးမျက်စိထောင့်ထောက်ကြည့်ကြမည့် ဂုဏ်ယူဖွယ်ရာအမျိုးသားရေးကိစ္စ ဖြစ်တော့သည်
မဟုတ်ပါလား။
(၂၀.၁၁.၂၀၁၁) ရက်နေ့တွင် မိမိထံသို့ထပ်မံ၍သတင်းပို့လာသည်။ ဒေါ်အောင်ဆန်းစုကြည်မှ တွေ့လိုသည်
ဟုချိန်းဆိုသည့်အတွက် မိမိသွားရောက်ခဲ့သည်။ အမေကပြောသည် “ယခု ‘ဗိုလ်ချုပ်အောင်ဆန်း’ ဇာတ်ကားမှာသား,
ပါရမယ်၊ သား,ကိုပါ အမေတာဝန်ပေးတယ်… ကိုယ်စားလှယ်အဖြစ်နဲ့ ….” ဟု။ မိမိမည်သို့မျှ ပြန်လည် ပြောရန်
အင်အားမရှိတော့ချေ။ အမေနေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ခဲ့သည့်
နေ့ရက်ကအမေ့ဆီမိမိတစ်ဦးတည်းသွားရောက်တွေ့ဆုံ ဂါရ၀ပြုခဲ့သည်။ အဲဒီနေ့ အဲဒီအချိန်မှာမိမိကအမေ့အား “အမေ …
တိုင်းပြည်နဲ့ လူမျိုးအတွက် အမေပေးတဲ့တာဝန်တွေကို သားထမ်းဆောင်ပေးဆပ်ပါ့မယ်”ဟုပြောကြားခဲ့ဖူးသည်။ အမှန်မှာ....
“အမေရေ၊ သားဒီအနုပညာအလုပ်ကို ပြန်မလုပ်ပါရစေနဲ့တော့၊ သားရဲ့လူမှုရေးလုပ်ငန်းမှာစိတ် သန့်သန့်ရှင်းရှင်းနဲ့
သီလလုံခြုံစွာကုသိုလ်ရေးအတွက်ဘဲ ငြိမ်းချမ်းစွာလုပ်ပါရစေတော့” ဟုပြောဆိုသင့်သည် မဟုတ်ပါလား။ သို့သော်
အမေသည် မိမိ၏ သူရဲကောင်းကြီးဖြစ်သည်။ အမေ့ကိုလေးစားသည်၊ ချစ်ခင်သည်၊ ကြည်ညိုသည်။ အမေသည်
အမှန်စင်စစ် လူမှုရေးသူရဲကောင်းတစ်ဦးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူမှုရေးသမားတို့မည်သည် စွန့်လွှတ်မှု၊
အနစ်နာခံမှု၊ စွန့်စားမှု၊ ပေးဆပ်မှု၊ ငြိမ်းချမ်းမှု၊ ဖေးမမှု၊ ကူညီမှုစသည့် ဂုဏ်ပုဒ်များရှိဖို့လိုသည်။
အမေ့မှာယင်းဂုဏ်ပုဒ်များထက်မကသောဂုဏ်ပုဒ်ကြီးများ၊ စွမ်းအားများ၊ ပါဝါများရှိသည် မဟုတ်ပါလား။ ထို့ကြောင့်အမေ့ရဲ့
“သားကိုတာဝန်ပေးတာ” ဟူသောစကားရပ်ကိုမိမိမလွန်ဆန်ဝင့်တော့ပေ။
ထို့ကြောင့်… မိမိအားဘကြီးမိုး(ဦးမိုးသူ)၊ ညီမငယ် ဒါရိုက်တာ-ကြည်ဖြူသျှင်နှင့် ညီငယ် ဒါရိုက်တာဝိုင်းတို့မှ
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကား ရိုက်ကူးအကောင်အထည်ဖော်ကြမည့် အဖွဲ့တွင် ဒု-ဥက္ကဋ္ဌနေရာမှ ဆောင်ရွက်ပေးရန်
ပြောဆိုလာသည်။ ထပ်မံ၍ (၂၃.၁၁.၂၀၁၁) ရက်နေ့တွင်လည်း ကြီးလေးသောတာဝန်များ၊ ၀တ္တရားများအားထပ်မံ၍
ထမ်းဆောင်ပေးရန် အဓိကနေရာများတွင် မိမိအားထည့်သွင်းရန် စီစဉ်ကြပြန်သည်။ မိမိပြန်လည်၍ ပြောကြားခဲ့ရသည်။
“အလုပ်တစ်ခုလုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာစည်းစနစ်ကျဖို့လိုတယ်၊ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီးရင် လူစုံအစည်းအဝေးလုပ်ပြီးမှ
ဆုံးဖြတ်ချက်ကိုအတည်ပြုရတယ်၊ အများသဘောတူတဲ့ ဆုံးဖြတ်ချက်ဖြစ်ရမယ်” ဟုမိမိတတ်သလောက် မှတ်သလောက်
ပြန်လည်ပြောကြားခဲ့သည်။
အဘယ့်ကြောင့်ဆိုသော်…. မိမိဈေးကိုင်ခြင်းမဟုတ်။ မိမိနှင့် ရုပ်ရှင်လောကပတ်သက်မှု မရှိတော့ပါ။ မိမိ
ပါဝင်လာမှုအားမကြိုက်သည့်သူ၊ မနှစ်မြို့တဲ့သူတွေသည်လည်းရှိနေသည်မဟုတ်ပါလား။
သို့သော်… အမေကမိမိကိုအားပေးစကားပြောကြားခဲ့သည်။
“သား… လူများအတင်းပြောတာ၊ အပုပ်ချတာတွေကိုဂရုမစိုက်နဲ့၊ ကိုယ်လုပ်ရမယ့်လုပ်ငန်းကိုကိုယ်လုပ်” တဲ့။
“အမေဆိုရင် အတင်းပြောတာ၊ အပုပ်ချ၊ အပြစ်ပြောခံရတာအများဆုံးသော နိုင်ငံရေးလောကထဲမှာနေရတာ၊
သေကြောင်းကြံတဲ့သူရှိသလို၊ နှင်းဆီပန်းပွင့်လေးတွေ လာပေးတဲ့သူလည်းရှိတာဘဲလေ။ ဒါပေမယ့် အမေအားလုံးနဲ့
လက်တွဲနိုင်တယ်။ လောကကြီးကိုဒီလိုဘဲတည်ဆောက်ရမယ်၊ ဒီလိုဘဲရင်ဆိုင်ရမယ်” တဲ့။
ဟုတ်ပါတယ်အမေ။ ဒါပေမယ့် ယခုအနုပညာသည်တွေ တည်ထောင်ကြမယ့် မြန်မာ့သမိုင်းမှတ်တိုင်ကြီးအတွက်
သားဟာအနှောင့်အယှက် မဖြစ်လိုပါဘူးအမေ။ အမေပေးတဲ့တာဝန်ကို သားကျေပွန်ချင်ပါတယ်အမေ။
သမိုင်းမှတ်တိုင်စိုက်ထူတဲ့ လုပ်ငန်းကြီးမှာသားလည်း ပါဝင်ချင်တာပေါ့အမေ။ သားနည်းတူအနုပညာသည်တိုင်း
မြန်မာပြည်သူလူထုအားလုံးတစ်ယောက်မကျန် ပါဝင်ချင်ကြပါတယ်အမေ။
တစ်ခုဘဲသားပြောချင်ပါတယ်အမေ။
ဒီလို မြန်မာ့သမိုင်းမှတ်တိုင်ကြီးကိုဖော်ကျူးကြတဲ့နေရာမှာ ပါဝင်ကြတဲ့
အနုပညာရှင်တွေအားလုံးဟာနေရာကအဓိကမဟုတ်၊ မိမိတို့ပေးဆပ်မှု၊ အနစ်နာခံမှု၊ စိတ်ဓါတ်ခွန်အား၊
လူမှုခွန်အားများသာအဓိကဟုပြောလိုပါတယ်။ ပါဝင်သူအချင်းချင်းသော်၎င်း၊ မပါဝင်ဘဲဘေးမှနေ၍၄င်း၊ အတင်းအဖျင်း၊
ဝေဖန်၊ ဘုပြော၊ ပုတ်ခတ် တိုက်ခိုက်မှုတွေ လုပ်နေကြတာဟာအကုသိုလ်တွေ သယ်ဆောင်နေကြတယ်လို့
အသိတရားလေးများရကြစေချင်တယ်။
ယခုဖော်ကျူးဖန်တီးကြမည့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားမှ ရရှိမည့် အကျိုးအမြတ်များကို မြန်မာ
ပြည်တွင်းရှိ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစတဲ့ကဏ္ဍများကို လှူဒါန်းမှုပြုမယ်လို့ အမေပြောကြားထားသည့် အတွက်
အမျိုးသားရေးစိတ်ဓါတ်ကိုဖော်ကျူးမည့် သမိုင်းအတ္တုပ္ပတ္တိဇာတ်ကားတစ်ကားဖြစ်သလိုဘာသာသာသနာအတွက်
သာသနာပြုမည့် လုပ်ငန်းကြီးတစ်ရပ်ဟု မြင်တွေ့မိပါတယ်။
ဒါကြောင့် နိုင်ငံရေးဘဲလုပ်လုပ်၊ စီးပွားရေးဘဲလုပ်လုပ်၊ ပညာရေးဘဲလုပ်လုပ်၊ ကျန်းမာရေးဘဲလုပ်လုပ်၊
လူမှုရေးဘဲလုပ်လုပ်၊ ယခုကဲ့သို့ အမျိုးသားရေးကိုဖော်ထုတ်ကြမယ့် သမိုင်းပေးတာဝန်ကို ထမ်းရွက်ကြမယ့်
အနုပညာအလုပ်ကိုဘဲလုပ်လုပ် ပေးဆပ်ကြမည့်သူတိုင်းသီလ၊ သမာဓိလုံခြုံစွာဖြင့် စည်းလုံးညီညွတ်ကြပြီးမိမိတို့ရဲ့
အောင်မြင်မှုပန်းတိုင်ကိုမမေ့မလျော့သောသစ္စာအဓိဋ္ဌာန် ဆုံးဖြတ်ချက်တည်းဟူသောပါရမီ (၁၀)ပါးတို့ဖြင့် မေတ္တာ၊ ကရုဏာ၊
မုဒိတာ၊ ဥပေက္ခာ
ဗြဟ္မစိုရ်တရားလေးပါးပွားများပြီးပညာဥာဏ်ကိုသုံးကာမိမိတို့ရည်ရွယ်သောလုပ်ငန်းကိုအောင်မြင်ပြီးမြောက်စွာ အကောင်အ
ထည်ဖော်ကြဖို့သာအရေးကြီးပါကြောင်း ပါဝင်ကြမည့် အနုပညာရှင်များ၊ အများပြည်သူလူထုများအားလုံးကိုတပ်လှန့်နှိုးဆော်
လိုက်ရပါတော့သည်။
ပါရမီ (၁၀) ပါးလက်ကိုင်ထား၍သမိုင်းမှတ်တိုင်ကိုဖော်ထုတ်ကြပါစို့လားဗျာ . . . . ။
ကျော်သူ